ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Monday, June 21, 2010

3D-01: 3D မိတ်ဆက်

Mysteryzillion မှာတင်ခဲ့တဲ့ Post အဟောင်းလေးကို 3D မိတ်ဆက်အဖြစ်ပြန်တင်ပေးလိုက်တာပါ။ မသိသေးတဲ့သူတွေ သိထားတော့ ကျနော်နဲ့အတူရှေ့ဆက်လေ့လာလို့ အဆင်ပြေနိုင်မယ် ထင်လို့ပါ။

=================

AutoCAD 3D အကြောင်းကို စိတ်ဝင်စားတဲ့သူများနေလို့ ကျနော် 3D အကြောင်း စတင်လိုက်တာပါ။ ကျနော် 2D ကိုလဲ တပြိုင်တည်း တင်ပေးသွားပါ့မယ်။ ကျနော်က AutoCAD Version 2008 ကို အခြေခံပြီး ရှင်းပြပေမယ့် AutoCAD Release 12 ကနေစပြီး ဒီ Tutorial က အသုံးဝင်ပါလိမ့်မယ်။

အခု AutoCAD ထဲမှာ 3D စဆွဲတော့မယ် ဆိုရင် UCS (User Coordinate System) အကြောင်းကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ Default Setting အတိုင်းဆိုရင် Drawing Area ရဲ့ဘယ်ဖက် အောက်ထောင့်မှာရှိတဲ့ Icon လေးကို UCS Icon လို့ခေါ်ပါတယ်။

အောက်မှာပြထားသလို တခုမဟုတ်တခု မြင်ရမှာပါ။


clip_image002[3]  clip_image004[1]

3D-01: Fig-01

နောက်ပိုင်း Version တွေမှာ ရှေ့က ပုံစံမျိုးမြင်ရပြီး အရင် Version တွေတုန်းကတော့ နောက်က ပုံစံမျိုးတွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုဖော်ပြသလဲ ဆိုရင် ကျနော်တို့ အခုမြင်နေရတဲ့ Screen Plane ဟာ Mechanical အရပြောရင် Top View, Civil နဲ့ Architecture အမြင်အရပြောရင် Plan View လို့ဆိုလိုပါတယ်။ AutoCAD ကတော့ Plan View လို့ပဲ သုံးပါတယ်။

ဒီ UCS Icon လေးကို ပြောင်းကြည့်ချင်တယ်ဆိုရင်

Menu: View > Display > UCS Icon > Properties . . .

Command: UCSICON, P ဆိုပြီး ၀င်လိုက်တဲ့အခါ UCS Icon Dialog Box ကို အခုလို မြင်ရပါလိမ့်မယ်။

clip_image006[4]

3D-01: Fig-02

UCS icon style မှာ 2D ကိုရွေးလိုက်ရင် အရင် Version အဟောင်းတွေ ကလိုမြင်ရပါလိမ့်မယ်။ (Fig-01 ဒုတိယပုံ) “W” ဆိုတဲ့ စာလုံးလေးက World Coordinate System (WCS) ကိုရည်ညွှန်းပါတယ်။ ဆိုလိုတာက AutoCAD ရဲ့ Default Coordinate System ဟာ WCS ပါပဲ။ 2D ကိုရွေးလိုက်ရင် Cone နဲ့ Line width ဟာ Dimmed ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက ရွေးချယ်စရာ မလိုတော့ ဘူးဆိုတဲ့ သဘောပါပဲ။

3D ကိုရွေးတဲ့အခါမှာ Cone ကို Check လုပ်ထားရင် UCS Icon က မျှားခေါင်းလေးတွေဟာ ကတော့ပုံလေးနဲ့ မြင်ရမယ်။ Line Width အထူ၊ အပါးကိုလဲ ကိုယ်နှစ်သက်သလို 1, 2, 3 ရွေးလို့ရပါတယ်။ UCS icon size ကတော့ Default ဆိုရင် 12 ပါ။ ဒါကိုလဲ 5 ကနေ 95 အထိ စိတ်ကြိုက်ထားနိုင်ပါတယ်။ အလကားရတိုင်း အကြီးကြီးထားတော့လဲ မျက်စေ့နောက်တာပေါ့ဗျာ။UCS icon color မှာ Model Space နဲ့ Layout Space (Paper Space လို့လဲ ခေါ်ပါတယ်) နှစ်ခုစလုံး ကြိုက်တဲ့အရောင် ထားနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် လုပ်ပြီးရင်တော့ OK Button လေးကိုသာ နှိပ်လိုက်ပါတော့။

တကယ်ကတော့ Default Setting က အကောင်းဆုံးပါပဲဗျာ . . . ။

ကျနော်တို့က 2D သက်သက်ပဲဆွဲမယ်၊ သုံးနေတာကလဲ XY Plane တခုပဲဆိုရင် ဒီ UCS Icon လေးကို ပိတ်ထားလို့ရပါတယ်။ ပိတ်ထားမိလို့ ပြန်ဖွင့်ချင်ရင်လဲ ရပါတယ်။

Menu: View > Display > UCS Icon > On (Check or Uncheck)

Command: UCSICON, ON (or) OFF နဲ့ အဖွင့်၊ အပိတ် လုပ်နိုင်ပါတယ်။

ဒီလိုပဲ UCS Icon ကို Origin မှာ ထားချင်၊ မထားချင်လဲ ရွေးချယ်လို့ ရပါတယ်။

Menu: View > Display > UCS Icon > Origin (Check or Uncheck)

Command: UCSICON, OR (or) N နဲ့ ရွေးချယ်နိုင်ပါတယ်။

Drawing Area ထဲမှာ Origin ကို မဖော်ပြနိုင်တဲ့အခါ၊ Noorigin ကို ရွေးထားတဲ့အခါတွေမှာတော့ UCS Icon ဟာ Drawing Area ရဲ့ ညာဖက်အောက်ထောင့်မှာ Default Setting အတိုင်း ရှိနေပါ လိမ့်မယ်။ Origin မှာရှိနေတဲ့အခါ UCS Icon ရဲ့ Origin မှာ Plus Sign လေးပေါ်နေတာ သတိထားမိမှာပါ။

UCS Icon အကြောင်းပြောတဲ့အခါ ကိုယ်လိုချင်သလို View Point လှည့်ကြည့်တတ်ဖို့၊ UCS ကို လှည့်တတ်ဖို့လဲ လိုအပ်ပါတယ်။ ကျနော်တို့ 3D တွေဆွဲတဲ့အခါ Current XY Plane ကို Base Plane အဖြစ် ယူပြီးဆွဲရတာကိုး။ နောက်ပိုင်း Versions တွေမှာတော့ (AutoCAD Version 2007 ကစတယ် ထင်ပါတယ်) Dynamic UCS ပါလာတော့ လွယ်သလိုလိုရှိပေမယ့် UCS လှည့်တတ်ဖို့ကလဲ အရေးပါဆဲပဲ ရှိပါတယ်။

ကျနော်နဲ့အတူတူလေ့လာနိုင်ဖို့ အောက်က Drawing File လေးကို ပေးထားတဲ့ link ကနေ Download ချလိုက်ပါ။ AutoCAD 2000 ထိ အဆင်ပြေအောင် ချသိမ်းပေးထားပါတယ်။

Download: 3D-01 Ex-01.DWG

clip_image008[3]

3D-01: Ex-01.DWG

File ကိုဖွင့်လိုက်တဲ့အခါ အထက်မှာ ပြထားသလို မြင်ရမှာပါ။ ဒါဟာ AutoCAD ရဲ့ Plan View အတိုင်း မြင်ရတဲ့ အနေအထားပါ။ View Point စလှည့်ကြည့်ရအောင် . . .

Menu: View > 3D Views > Viewpoint

Command: VPOINT (Enter)

Specify a view point or [Rotate] <display compass and tripod>: (Enter)

ဆိုရင် အခုလို Compass and tripod ကိုမြင်ရမှာပါ။

clip_image010[3]

3D-01: Fig-03

XYZ Coordinate ကိုဖော်ပြနေတာက Tripod ဖြစ်ပါတယ်။ Circle နှစ်ခုနဲ့ပြတာက Compass ပါ။ Cross-hair သေးသေးလေးက ကျနော်တို့ မြင်လိုတဲ့ View Point ကို ရွေးချယ်ပေးမှာပါ။ စက်ဝိုင်းအသေးက အပေါ်ဖက်က ကြည့်မြင်မှာကို ကိုယ်စားပြုပြီး စက်ဝိုင်း နှစ်ခုကြားကတော့ အောက်ဖက်ကမြင်ရမှာပါ။ လေးပိုင်းစိတ်က ဘယ်၊ ညာ၊ ရှေ့၊ နောက်ကို ကိုယ်စားပြုပါတယ်။

ကျနော် ဒီလိုလေးရှင်းပြရင် ပိုကောင်းမယ် ထင်တယ် . . .

clip_image012[3]

3D-01: Fig-04

ကဲ . . . နောက်၊ ဘယ်၊ အပေါ် ကြည့်ကြရအောင် . . .

တခါတလေ ကိုယ်လိုသလို လှည့်ကြည့်တဲ့အခါ အပေါ်ကလား၊ အောက်ကလား မကွဲပြားဘူး ဖြစ်တတ်ပါတယ်။ ဒီတော့ Hide လုပ်ပြီး ကြည့်တာ အကောင်းဆုံးပါ။

Menu: View > Hide

Command : Hide

Toolbar: Render clip_image014[1]

ကဲ အခုမှ “ဟိုက်” ကနဲ တကယ်ဖြစ်ပြီ။ အကျိုးနည်းရချေရဲ့။ အောက်မှာပြသလို မြင်နေရပြီ မဟုတ်လား . . .

clip_image016[4]

3D-01: Fig-05

ဘယ်လိုမှ ကြည့်လို့ မကောင်းဘူးနော်။ ကိုယ်လဲ မဆွဲရပဲ ဘာလိုင်းတွေမှန်း မသိတာတွေလဲ မြင်ရရဲ့။ အ၀ိုင်းတွေကလဲ မ၀ိုင်းဘူး။ အတွန့်၊ အတွန့်တွေနဲ့။ Wise Guy တော့ အဆဲခံရတော့မယ်။ မြန်မြန်လေးရှင်းမှ . . . ။

ဘာမှန်းမသိ၊ ကိုယ်လဲမဆွဲပဲ မြင်နေရတဲ့ လိုင်းတွေကို မမြင်ချင်ရင် Silhouettes ကို အမှန်အတိုင်း မြင်ရဖို့ On ရပါမယ်။ အင်မတန်အသုံးရှားပါးတဲ့ English စာလုံးကိုမှ Autodesk ကသုံးထားပါတယ်ခင်ဗျား . . .

Menu: Tools > Options . . . ထဲဝင်လိုက်တဲ့အခါ Options Dialog Box ကိုအခုလို တွေ့ရပါလိမ့်မယ် . . . Display Tab မဟုတ်ရင် အပေါ်က Display Tab ကိုသွားလိုက်ပါဦး။

clip_image018[3]

3D-01: Fig-06

ပုံမှာ 1 ပြထားတဲ့နေရာက Draw true silhouettes for solids and surfaces options ကို Check လုပ်လိုက်ပါ။ ပြီးရင် OK ပေးပြီး ပြန် Hide လုပ်ကြည့်ပါ။ ကြည့် . . . သိပ်မကျေနပ်နိုင်သေးဘူးမဟုတ်လား။ ဟိုလိုင်းတွေ ပျောက်သွားတာတော့ ဟုတ်ပါရဲ့။ အတွန့်တွေက ရှိတုန်းပဲ ပြောချင်နေတာလား။ တစ်ခါ Options ထဲကို ပြန်သွားပါအုန်း ခင်ဗျား။

ဒီတခါတော့ 2 ပြထားတဲ့နေရာက Rendered object smothness ကိုတင်ကြရအောင်။ များလေ ကောင်းလေဆိုပေမယ့် 0.01 ကနေ 10 အထိပဲ ရပါတယ်။ ကဲ . . . အမြင့်ဆုံး 10 အထိပဲ မြန်မာပီပီ တင်လိုက်ရအောင် . . . ။ ပြီးရင် OK ပေးပြီး ပြန် Hideလုပ်ကြည့် ပါအုန်း။

ကျေနပ်သွားပြီ မဟုတ်လား။ ဒီလိုလေး မြင်ရမှာကိုး . . .

clip_image020[3]

3D-01: Fig-07

Command Line သုံးမယ်ဆိုရင်တော့ . . .

Draw true silhouettes for solids and surfaces options က DISPSILH (Display Silhouettes) , ON/OFF or 0, 1 နဲ့သုံးနိုင်သလို . . .

Rendered object smothness က FACETRES (Facet Resolutions) ကို 0.01 ကနေ 10 အထိပေးနိုင်ပါတယ်။

ကဲ . . . ကျနော် အောက်မှာပြထားသလိုလေးတွေ ကြိုးစားပြီး လှည့်ကြည့်လိုက်ပါအုန်း။

clip_image022[3]

3D-01: Fig-08

ကျနော်လှည့်ပြထားသလိုရရင် ခင်ဗျားလူလည်ဖြစ်သွားပြီလို့ မှတ်ပေတော့ဗျို့ . . . ။

ကဲ . . . Command Line ဘက်က အသုံးချတာကို 3D မိတ်ဆက် (၂) မှာ ဆက်ဖတ်ပါခင်ဗျား . . . ။

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

No comments:

Post a Comment